“Utqiagvik” သို့မဟုတ် “Barrow” မြို့

***
တနှစ်မှာ ရက်ပေါင်း ၆၅ ရက် ဝန်းကျင်ခန့် နေမထွက်၊ ရက်ပေါင်း ၆၅ ရက်လောက် နေမဝင်တဲ့ မြို့ကို သွားရောက် လည်ပတ်ကြည့်ချင်မလား…။
ဒီတခေါက် အတွက် ကျွန်ုပ်တို့ ကမ္ဘာ အစီအစဉ် အဖြစ် “Utqiagvik” ဒါမှမဟုတ် Barrow ဆိုတဲ့ အဲဒီ မြို့ကလေး အကြောင်း တင်ဆက်ပါရစေ။
“Utqiagvik” ကို အနီးစပ်ဆုံး မြန်မာ အသံထွက် အဖြစ် “အုထ်ဂီယာဗစ်ဂ်” လို့ ခေါ်လို့ ရမယ် ထင်ပါတယ်။ ယခင်ကတော့ အဲဒီမြို့ကို Barrow မြို့ အဖြစ် ခေါ်တွင်ခဲ့သေးပေမယ့် မြို့နေလူထုရဲ့ မဲပေးတောင်းဆိုမှု အရ ဒေသအခေါ် ဖြစ်တဲ့ “Utqiagvik” ဆိုတဲ့ နာမည်ကိုပဲ ၂၀၁၆ ခုနှစ်မှာ ပြောင်းလဲ မှည့်တွင် စေခဲ့ပါတယ်။
***“Utqiagvik”
အဲဒီမြို့ဟာ အမေရိကန် နိုင်ငံ၊ အလာစကာ ပြည်နယ်ရဲ့ မြောက်ဘက်ဖျားစွန်း မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက် မိုင်ပေါင်း ၅၁၅၂ မိုင် အကွာမှာ တည်ရှိပါတယ်။
မြို့နယ်နမိတ် ဧရိယာ ၂၁ မိုင် ပတ်လည်မှာ ၂၀၁၆ ခုနှစ် ခန့်မှန်း လူဦးရေ ၄၂၁၂ ဦး နေထိုင်ကြပါတယ်။
***
မြို့ရဲ့ ထူးခြားချက်တွေကို လေ့လာကြည့်ရအောင်…။
အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက် မိုင်ပေါင်း ၃၂၀ အကွာမှာ တည်ရှိနေတဲ့ အဲဒီမြို့ကလေးဟာ အင်မတန် ကြမ်းတမ်းတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်ပါတယ်။ “Utqiagvik” ရဲ့ နွေရာသီ အနွေးဆုံး ဆိုတဲ့ ရက်တွေဟာလည်း အေးမြတဲ့ ရာသီဥတုကို ခံစားရမှာ ဖြစ်ပါတယ်။
မြို့ရဲ့ စံချိန်တင် အအေးဆုံး နေ့အဖြစ် အနှုတ် ၄၉ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး၊ အပူဆုံးနေ့ အဖြစ် ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ၂၁ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ဖူးပါတယ်။ သာမန်အားဖြင့်တော့ နှစ်စဉ် ဆောင်းရာသီ ကာလတွေမှာ ပျှမ်းမျှ အနှုတ် ၂၅ ဒီဂရီ စင်တီဂရိတ် ရှိပြီး နွေရာသီ အနွေးဆုံးသော ရက်တွေမှာ ပျှမ်းမျှ ၈ ဒီဂရီ စင်တီဂရိတ် ရှိတတ်ပါတယ်။
***
နောက်ထပ် ထူးခြားတာကတော့ နေထွက်ချိန်၊ နေဝင်ချိန်တွေပါ။
“Utqiagvik” မြို့ရဲ့ နိုဝင်ဘာလ ၁၈၊ ဒါမှမဟုတ် ၁၉ ရက်နေ့ကနေ ဇန်နဝါရီလ ၂၂၊ ၂၃ လောက်အထိ နေရောင်ကို လုံးဝ မမြင်ရတဲ့ နေ့တွေ ဖြစ်ပါတယ်။ အဲဒီကာလကို Polar night လို့ သတ်မှတ်ပါတယ်။
အဲဒီနောက် တနေ့တာကို နေထွက်ချိန် ၆၄ မိနစ်ခန့်ကနေ တဖြည်းဖြည်း နေ့တာ ရှည်ရင်းနဲ့ မေလ ၁၁ ရက် ဝန်းကျင်လောက်မှာ ၂၄ နာရီ ပတ်လုံး နေမဝင်တဲ့ ကာလ စပါတယ်။ အဲဒီကာလကို Midnight sun လို့ တင်စား ခေါ်ဝေါ်ပါတယ်။ နေမဝင်တဲ့ကာလဟာ ဇူလိုင် ၃၁ ဝန်းကျင်အထိပါ။
***
“Utqiagvik” မြို့ကနေ ဘယ်မြို့ကိုမှ ကားလမ်းနဲ့ ဆက်သွယ်ထားနိုင်ခြင်း မရှိပါဘူး။ မြို့တွင်း ကားလမ်းတွေဟာလဲ ကျောက်ခင်းလမ်းတွေသာ ဖြစ်ပါတယ်။ တခြားသော မြို့တွေကနေ အဲဒီမြို့ကို သွားဖို့ အတွက် လေယာဉ်ကိုသာ အသုံးပြုကြရပါတယ်။ မြို့နေ လူထုအတွက် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းနဲ့ မော်တော်ကား လို ပစ္စည်းမျိုးတွေ လိုအပ်ရင် တနှစ်မှ တခေါက်နှစ်ခေါက်လောက် ရောက်တတ်တဲ့ ရေခဲခွဲ သင်္ဘောနဲ့သာ မှာယူနိုင်ပါလိမ့်မယ်။
ဒါကြောင့် “Utqiagvik” မြို့က ကုန်စျေးနှုန်းဟာ တခြားသော နေရာတွေထက် အဆမတန် ပိုပြီး မြင့်မားပါတယ်။ ဥပမာအားဖြင့် ဓာတ်ဆီတဂါလံကို ခြောက်ဒေါ်လာခွဲ ဝန်းကျင်၊ Frozen pizza တချပ်ကို ၁၇ ဒေါ်လာ လောက် ပေးရပါမယ်။ ဒါဟာ တခြားသော အမေရိကန် မြို့ပြ ကုန်စျေးနှုန်းထက် သုံးဆကျော်လောက် ပိုပြီး မြင့်မားတဲ့ သဘောပါ။
“Utqiagvik” မြို့မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ငန်း ရှိပါတယ်။ အဲဒီမြို့က လူလတ်တန်းစား တယောက်ရဲ့ ဝင်ငွေဟာ တနှစ်မှာ ဒေါ်လာ ၈၀၀၀၀ ကျော် ဝင်ငွေ ရှိပါတယ်။
***
ဒီလောက်တောင် ကြမ်းတမ်းတဲ့ ရာသီဥတု ရှိနေတဲ့ အဲဒီနေရာမှာ လူပေါင်း ၄၀၀၀ ကျော်က နေထိုင်ဖို့ ဘာကြောင့် စိတ်ကူးကြတာပါလဲ။
“Utqiagvik” မြို့ တည်နေရာဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းကိုက Inuit လို့ခေါ်တဲ့ လူမျိုးစု နေထိုင်ရာ ဒေသပါ။ ဒါကြောင့် လက်ရှိ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီ ဒေသခံ လူမျိုးစုကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေ ဖြစ်ပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းသော လူဦးရေကတော့ စီးပွားရေး အရ သွားရောက် အခြေချသူတွေ ဖြစ်ပါတယ်။ လူဖြူ၊ လူမည်း၊ အာဖရိကားသား အာရှသားတွေ နေထိုင်ပါတယ်။
***
ဘယ်လောက်ပဲ နယ်စွန်နယ်ဖျားကျကျ၊ ဘယ်လိုပဲ ရာသီဥတု ကြမ်းကြမ်း “Utqiagvik” မှာ မြို့ အင်္ဂါရပ်နဲ့ ညီတဲ့ အရာတွေတော့ ရှိပါတယ်။
စာတိုက်၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ ကောလိပ်၊ ဆေးရုံ၊ ဘဏ်၊ ဟိုတယ်၊ ဘုရားရှိခိုးကျောင်း၊ ရဲစခန်း အကုန် ရှိပါတယ်။ အားကစား အတွက် အမေရိကန် ဖွတ်ဘော အသင်းနဲ့ ဘက်စ်ကက်ဘော အသင်းလဲ ရှိပါတယ်။ စားသောက်ဆိုင် နှစ်ဆိုင် ရှိပြီး တဆိုင်က ဂျပန် စားသောက်ဆိုင်ပါ။
***
အခုအချိန်ခါမှာတော့ “Utqiagvik” မြို့ကို စိတ်ဝင်တစားနဲ့ သွားရောက် လည်ပတ်သူတွေလဲ ရှိနေပါပြီ။
ခရီးစရိတ် အနေနဲ့ နယူးယောက်မြို့နေ သွားရင် လေယာဉ်ခ အသွားအပြန် ဒေါ်လာ ၁၀၀၀ ကျော်ခန့် ကုန်ကျမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ သွားရောက် လည်ပတ်ချင်ရင်တော့ လေယာဉ် ငါးဆင့် ခရီး အသွားအပြန် ဒေါ်လာ ၂၃၀၀ ခန့် စျေးအတော်ဆုံး ကုန်ကျပါလိမ့်မယ်။
ကဲ...၊ သွားလည်ကြမလား Barrow သို့မဟုတ် “Utqiagvik” မြို့ကလေးကို...။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
Crd...ကလို ေစးထူး